Thursday, December 25, 2008

ဒီဇင်ဘာနှုတ်ခမ်းနှင့်(၂၀၀၈)အလွမ်း

မီးရောင်အောက်မှာ ဖြူစင်စွာ ထက်ကောင်းကင်ယံ ကနေ ဖြည်းညှင်းစွာ ကျဆင်းလာနေတဲ့ နှင်းပွင့်ဖြူလေးတွေကို ကျမ နှစ်သက်စွာ ပြတင်းကနေ ငေးကြည့်နေရင်း “သူတို့လေးတွေကတော့ အေးမြ နေမှာပဲနော်”။ ကျမလဲ သူတို့ကို နှစ်သက်လို့ အဖြူရောင်ကို သဘောကျ နှစ်ခြိုက်မိတာလား မသိတော့ပါဘူး။

ခရစ်စမတ်ရာသီ ပြီးခဲ့ပြန်ပေါ့ နှစ်သစ်ကူးပြောင်းဖို့ (ဒါမှမဟုတ်) နှစ်ဟောင်းကုန်ဖို့ ရက်ကလဲ တဖြည်းဖြည်း နီးကပ်လာပြီလေ။ ကျမအတွက်တော့ မထူးဆန်းတော့တဲ့ ခရစ်စမတ်နဲ့ ပျော်ရွှင်စရာ ကောင်းမှာ မဟုတ်တဲ့ နှစ်သစ် ဖြစ်နေဦးမလားပဲ။

လွန်ခဲ့တဲ့ နှစ်တွေတုန်းကလဲ ဒီလိုပဲ ထူးမခြားနား ဖြတ်သန်းလာရတာ မဟုတ်လား။ ဒီနှစ်တွေလဲ အိမ်ထဲမှာပဲ အချိန်တွေ ကုန်ဦးတော့မှာပဲလေ။ ဘာမှ မတတ်နိုင်ဘူးလေ၊ ကျမက ဖန်ဆင်းရှင်မှ မဟုတ်တာပဲ၊ ကျမ ရွေးချယ်ပိုင်ခွင့် မရှိတဲ့ ကျမပိုင်ဆိုင်နေတဲ့ ကျမဘ၀ပဲလေ။


*****
ပြတင်းကနေ ငေးကြည့်နေရင်းနဲ့ အဖြူရောင် အရိပ်လေးတစ်ခု ဟိုးးးးး ဝေးဝေးဆီကနေ ကျမရှိရာဆီ တစ်ရွေ့ရွေ့ လှမ်းလာနေတာ တွေ့လိုက်ရတယ်၊ ကျမ အမြင်မှားတာများလား။ တဖြည်းဖြည်း နီးကပ်လာပြီး မြင်နိုင်လောက်တဲ့ နေရာရောက်တော့မှ အဲ့ဒီအရိပ်လေးရဲ့ ဖြူလွလွ အနွေးထည် ထူထူဝတ်ထားပြီး လက်ပိုက်ရင်း တစ်လှမ်းချင်း လျှောက်လှမ်းလာပုံက မင်းသားလေး တစ်ပါး လှမ်းလာနေသလိုပါပဲ။

မျက်နှာကျပုံ ပြေပြစ်ပြီး နူးညံ့တဲ့ မျက်ဝန်းတစ်စုံ၊ နွေးထွေးမဲ့ နှုတ်ခမ်း နဲ့ တိကျတဲ့ မေးရိုးတွေကြောင့် သူဟာ လူချောတစ်ဦးလို့ ကျမ မှတ်ချက်ချမိပါတယ်။ မီးရောင်ကြောင့်သာ သူ့မျက်နှာကို ထင်ထင်ရှားရှား မြင်ခွင့်ရပေမယ့် နီးကပ်လာရင်တော့ ကျမ ဒီလိုမျိုး စေ့စေ့ ကြည့်ရဲတော့မှာ မဟုတ်ပါဘူး။ သူ့ကို ကျမမြင်ဖူးသလို ရှိနေပေါ့၊ တစ်စစ နီးကပ်လာတဲ့ခါမှာ “သူဘယ်သွားမှာပါလိမ့်”


ဒေါက်.. ဒေါက်... ဒေါက်....”
အိုးးးး ကျမရှိရာကို လာတာပဲ၊ ဘုရားသခင် တကယ်လားဟင်!! ကျမ စိတ်ကူးယဉ်တာ များသွားလို့များလား။ ကျမလဲ တံခါးရှိရာသွားလို့ ဖွင့်ပေးမိတယ်။ ကျမက သူ့ကိုမေးမြန်းတော့ သူက နူးညံ့ ချိုသာ ပြေပြစ်လှစွာ ပြန်ပြောမှုကြောင့်လဲ ကျေနပ်မိတာပေါ့။

နှင်းကျတာ ရပ်သွားရင် ခရီးဆက်ပါ့မယ် ပြောတာကြောင့် အိမ်ထဲဝင်ဖို့ ဖိတ်ခေါ်မိတယ်လေ။ သူက မီးလင်းဖိုနား သွားထိုင်နှင့်ပြီး ကျမလဲ ဖြည်းဖြည်းချင်း သူ့နောက်နား ဘေးဘက် မကျတကျ နေရာလေးမှာ ငြိမ်ငြိမ်လေး ထိုင်နေမိတယ်။


သူက သူ့ရဲ့အကြောင်း တစ်ချို့ကို စိတ်ရှည်စွာ ပြောပြလေရဲ့။ သူစကားပြောပုံက အသံသြဇာအပြည့်နဲ့ သာယာ တိုးညှင်းပြီး ချိုသာစွာ ပြောတတ်ပုံ လေယူလေသိမ်းကို ကျမ သဘောကျမိပါတယ်။ သူ့မျက်နှာကို ဘေးတိုက် ခိုးခိုး ကြည့်နေရင်းမှ တစစ ကျမရဲ့ ရင်ခုန်သံတွေ မြန်လာတာ ကျမတောင် သတိမထားမိလိုက်ပါလား။

ကျမတို့တွေ တစ်ညလုံး စကားတွေ ဖောင်ဖွဲ့ပြောနေမိတာ ဟိုးး အရင်တုန်းက သိခဲ့ ခင်မင်ခွင့်ရခဲ့တဲ့ သူတွေ အတိုင်းပါပဲ။ သူက ဖော်ရွေတတ်ပြီး အကြင်နာတရား ရှိမယ့်ပုံလဲ ရတယ်လေ။


မီးလင်းဖိုက မီးရှိန်ကြောင့် ထင်ရဲ့ သူ့အနွေးထည်ကို ချွတ်ပြီး နောက်ဖက်က ခုံပေါ် လှမ်းတင်လိုက်တယ်။ သူ့လှုပ်ရှားမှုတွေက ငြင်သာလှပြီး ကျမ မကြည့်လဲ မြင်နေရတာပေါ့။ နှင်းကျတာ ရပ်သွားမှာတောင် ကျမစိုးမိပါရဲ့။ ဒီအချိန် ခဏတာလေးကို ဆွဲဆန့်ထားလို့ ရရင် သိပ်ကောင်းမှာနော်။ ကျမရဲ့ အထီးကျန် ကမ္ဘာလေးထဲကို ဧည့်သည်အဖြစ် သူက ပထမဆုံး ရောက်ရှိလာတာ မဟုတ်လား။

ကျမရဲ့ အတွေးတွေ မဆုံးခင်မှာပဲ နှင်းကျတာ တဖြည်းဖြည်း စဲသွားတယ်။ သူက အပြင်ကို တစ်ချက် ကြည့်လိုက်ရင်း သွားတော့မယ်လို့ နှုတ်ဆက်တယ်။ “ဟင့်အင်း မသွားပါနဲ့၊ ကျမကို ဒီလို အထီးကျန်နေခဲ့တာ ကြည့်ရက်လား၊ တစ်ခါတည်း ခေါ်သွားလိုက်ပါတော့လား၊ ရှင်ရဲ့ နွေးထွေးမှုတွေ ချိုသာလှတဲ့ အသံတွေကို ကျမ ဆက်လက် နားထောင်နေပါရစေ၊ ထွက်မသွားလိုက်ပါနဲ့နော်”

စိုးထိတ်မှု အတွေးတွေနဲ့ ကျမ အော်ဟစ်လို့သာ တားလိုက်ချင်တော့တယ်လေ၊ တရွေ့ရွေ့ သွားနေတဲ့ သူ့နောက်ကျောကို ငေးကြည့်နေမိတာပေါ့။ သူကတော့ ကျောခိုင်းလို့ တံခါးပေါက်ရှိရာ အရောက်မှာ “ဒီမှာ ရှင့်အနွေးထည် ကျန်နေခဲ့ပြီ” ကျမရဲ့ အသံကြောင့် ထင်ရဲ့ သူရပ်တန့်လိုက်ပြီး နောက်လှည့်လို့ ကျမကို စောင့်နေတယ်။ ကျမလဲ သူ့အနွေးထည် ဖြူလွလွလေး ကိုင်ရင်း တရွေ့ရွေ့ သူရှိရာဆီ အသက်မရှူမိပဲ လျှောက်လှမ်း လာနေမိတာပေါ့။

အနားရောက်တော့ အနွေးထည်လေး လှမ်းပေးရင်း အမှတ်မထင် နွေးထွေးလှတဲ့ သူ့လက်အစုံနဲ့ ထိမိလိုက်တဲ့ခါမှာ ကျမ ရှက်သွေးဖြန်းသွားပါတယ်။ သူက ကျမလက်ကို ဆုပ်ကိုင်လာချိန်မှာတော့ ညှို့ဓါတ်မိသူ တစ်ယောက်လို သူ့မျက်နှာကို မော့ကြည့်ရင်း ငြိမ်သက်နေမိတယ်။ ပြုံးနေတဲ့ သူ့မျက်နှာက ကျမမျက်နှာနား တဖြည်းဖြည်း နီးကပ်လာချိန်မှာတော့............

*****
ကျမ မျက်စိ ဖွင့်ကြည့်လိုက်တဲ့ခါမှာ... နှင်းတွေကွဲနေပြီး အလင်းရောင်တောင် အတော်ရနေပြီပဲ။ ကြည့်စမ်း ကျမ အိပ်ပျော်သွားလိုက်တာ... ပြီးတော့ လှပလိုက်တဲ့ အိပ်မက်လေးပါလား၊ ဒီလိုမျိုး တစ်ခါမှ မမက်ခဲ့ဖူးဘူး။ အိပ်မက်တိုင်းသာ တကယ်ဖြစ်လာမယ်ဆိုရင်...........

ကျမအတွက်တော့ ဒီ (၂၀၀၉) က ပျော်စရာတွေ အတိ ပြီးနေတော့မှာလား။ ကျမရင်ခုန်စွာနဲ့ စောင့်မျှော်နေမိတော့မှာ... အခုမှပဲ ကျမအတွက် ဒီဇင်ဘာဟာ လှပသွားပြီး အထီးကျန် ဆန်မနေတော့တာ သတိထားမိတယ်။ ဒီ ၀ိုးတ၀ါး အိပ်မက်ကြောင့် များလားကွယ်။ ဒီ့အတွက် ဘုရားသခင်ကို ကျေးဇူးအထူးတင်ပါတယ်။

*****
သူမရဲ့ မျက်နှာမှာ ကြည်လင်တဲ့ အပြုံးတွေ ဖူးပွင့်နေပြီး နှင်းပွင့်လေးလို အေးမြစွာနဲ့ တွန်းလှည်းရဲ့ ဘီးကို လက်နဲ့လှည့်ရင်း အိမ်ခန်းတွင်းသို့ တဖြည်းဖြည်းနဲ့ တိုးဝင် ပျောက်ကွယ်သွားပါတော့တယ်။
*****
ချစ်မညလေး (အိမ်မက်ဒိုင်ယာရီ) ရဲ့ဘလော့ခ်ထဲက ညလေးရေးထားတဲ့ဝတ္ထုတိုလေးကို ပြန်လည်မျှဝေခြင်းဖြစ်ပါတယ်ရှင်..........ဟီးးးးးး မီးလေးဆားချက်တာဟုတ်ဖူးနော် ဟိဟိ
*****
သူငယ်ချင်း မောင်နှမများ အားလုံးပဲ နှစ်သစ်မှာ စိတ်သစ် ကိုယ်သစ်နဲ့ ဘ၀သစ်ကို ပျော်ရွှင်စွာ ဖြတ်သန်းနိုင်ကြပါစေနော်.....

Happy New Year 2009!!!


6 comments:

မြတ်သွယ် said...

ဝတ္ထုလေးကို အားပေးပါတယ်
အိပ်မက်လေးဖြစ်နေတာကိုးး
နှစ်သစ်ကူးချိန်ခါလေးမှာ မမီးလေး ပျော်ရွှင်အဆင်ပြေပါစေ :)

ဖိုးဂျယ် said...

ဝတ္ထုလေးက ဆားချက်တာ အဟုတ်ဘူးပေါ့
ကောင်းတဲ့ ၀တ္ထုလေးပါ
ပျော်ရွှင်စရာနှစ်ကူးလေးဖြစ်ပါစေ
တီတီဇာရေ

Welcome said...

နှစ်သက်စွာနဲ့ ဖတ်သွားပါတယ်။ နှစ်သစ်မှာ ပျော်ရွှင်မှုတွေ ပိုင်ဆိုင်နိုင်ပါစေလို့ .. ..

http://winzaw-mdy.blogspot.com

Anonymous said...

နှစ်သစ်မှာ ပျော်ရွှင်နိုင်ပါစေ

Anonymous said...

အော်.... သူများရေးထားသလားလို့ ချီးကြူး
မလို့ဟာ လက်စသတ်တော့ ငံပြာရည်ချက်
ထားတာကိုးဗျ

Anonymous said...

ဆားချက်တာလားလို့ 

Ownကူးနဲ့ ဟင်းဟင်း

အပြည့်အ၀ထောက်ခံတော့မှလို့ 

တစ်ဝက် တပျက်ထောက်ခံသွားတယ်

ဆက်လျက်ဝေမျှနိုင်ပါစေ

ကိုယ်တိုင်ရေးတော့

ခင်လျက်

 

meelayzar © 2008. Design By: SkinCorner|Minnyoonthit